နမော တဿ ဘဂ၀တော အရဟတော သမ္မသမ္ဗုဒ္ဓဿ

Tuesday, August 19, 2008

ညသန်းခေါင်ယံ အမေးအဖြေများ

သည်နေ့ ကျန်းမာရေးမကောင်းသဖြင့် စောစီးစွာပဲ ညအိပ်ရာဝင်ခဲ့ပါသည်၊ ထိုစဉ်…….
ကလင်…….ကလင်…….ကလင်
အိပ်ရာဘေးရှိ ဖုန်းမြည်သံကြောင့် အိပ်ရာမှနိုးခဲ့သည်၊ အချိန်ကား ည ၁၁ နာရီခန့်၊ သည်လိုအချိန်မျိုးတွင် တယ်လီဖုန်းလာသည်မှာ ဆန်းကြယ်ပေစွ၊ မည်သည့်နေရာက ဖုန်းဖြစ် မည်နည်း၊ ညအချိန်မတော်ကြီး ဖုန်းလာသည်ဖြစ်၍ အရေးကြီးသည့် ဖုန်းဖြစ်မည် ဟုခန့်မှန်းမိပါသည်။


တယ်လီဖုန်းကိုင်လိုက်ရာ နော်ဝေနိုင်ငံတွင် နေထိုင်သည့် အမျိုးသမီးတစ်ယောက်ဆီမှ ဖုန်းဖြစ်နေပါသည်။ သို့နှင့် ကိစ္စ အကြောင်းထူးက မည်သို့ပါနည်း ဟု စာရေးသူက မေးသောအခါ ဓမ္မနှင့်ပတ်သက်၍ မရှင်းလင်း နားမလည်သည်ကို မေး လျှောက်ချင်ပါကြောင်း တောင်းပန်လာသောကြောင့် မေးခွင့်ပေးလိုက်ပါသည်။ သူမအမေးပုစ္ဆာကား အောက်ပါအတိုင်းဖြစ်သည်။
(၁) အရှင်ဘုရား….တပည့်တော်မ သူငယ်ချင်းများ(ဓမ္မမိတ်ဆွေများ)က တရားအားထုတ်လျှင် သက်သတ်လွတ်(အသားလွတ်)စားက ပို၍ ထိရောက်သည်ဟု ပြောပါသည်၊ ထိုအကြောင်းအရာနှင့်ပတ်သက်၍ ဟုတ်/ မဟုတ်၊ မှန်/မမှန် နှင့် အကယ်၍ မမှန်ပါက မည်သို့ ကျင့်သုံးရမည်ကို အဖြေပေးစေလိုပါသည် အရှင်ဘုရား……။
(၂) အဖေမပေါ်ဘဲ ကိုယ်ဝန်ရခဲ့သည့် မိန်းခလေးများသည် ထိုကိုယ်ဝန်ကို အလိုမရှိ၍ ဖျက်ချနေကြပါသည်၊ ထိုသို့ဖြစ်ရခြင်းအကြောင်းမှာ စစ်ဖြစ်နေသည့် နိုင်ငံတစ်ခုတွင် မိန်းခလေးများကို ဖမ်းဆီးခေါ်ဆောင်ကာ အဓမ္မပြုကျင့်ခံရရာမှ မိန်းခလေးများတွင် သန္ဓေသားရရှိကြပါသည်၊ ထိုမိန်းခလေးများသည် ထိုသန္ဓေသားကို လူ့ဝန်းကျင်၌ မွေးဖွားရမည်ကို ရှက်လှသည်က တစ်ကြောင်း၊ လူမဆန်သည့်သူများနှင့် သွေးစပ်၍ ရရှိလာသည့် သန္ဓေသားကိုလည်း ရွံမုန်းလှသည်ကတစ်ကြောင်း အကြောင်းကြောင်းကြောင့် ကိုယ်ဝန်ဖျက်ချနေကြပါသည်၊ ထိုအတွက် ပါဏာတိပါတကံ ထိုက်မထိုက် ဗုဒ္ဓတရားတော်အရ အဖြေပေးစေလိုပါသည်ဘုရား….။ဒါ့အပြင် လူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ပိုးပေါင်းများစွာတို့သည် ပဋိဇီဝဆေးစားသုံးခြင်းဖြင့် သေကြေပျက်စီးသွားပါက ပါဏာတိပါတကံထိုက်မထိုက် သိလိုပါသည်ဘုရား….။
(၃) တပည့်တော်တို့ ယခု အခါ တရားအားထုတ်နေပါတယ်ဘုရား၊ ဒီလိုတရားအားထုတ်သောအခါ တရားအပေါ်မှာပဲ စိတ်ဝင်စားပြီး တရားပဲအားထုတ်နေချင်ပါသည်၊ နေ့စဉ်စားဝတ်နေရေးအတွက် ပြုလုပ်နေကျ အလုပ်ကိုလည်း မလုပ်ချင်သည့်အတွက် အလုပ်တွေလည်း လစ်ဟင်းလာ ရပါသည်ဘုရား၊ ဒီလိုဖြစ်တာ ဘာကြောင့်ပါလဲဘုရား။ တရားအားထုတ်သည်ဆိုရာဝယ် မည်သည့်နေရာဖြစ်ဖြစ် အားထုတ်လို့ရပါသလားဘုရား……၊ အားလုံးသိရအောင် အရှင်ဘုရား၏ ဘလော့ခ်ဆိုက်မှာ စာရေးပြီး ပို့စ်တင်ပေးပါဘုရား………။
(၄) တရားရှုမှတ်နည်းတစ်ခုကို တပည့်တော်သူငယ်ချင်းများက ပြောပြပါသည်၊ ထိုတရားက လောကတွင် ဘယ်အရာမဆို ဘာမှမဟုတ်ဘူး၊ ဘာပဲဖြစ်လာဖြစ်လာ ၊ ဖြစ်လာတဲ့တရားတွေသည် ဘာမှမဟုတ်ဘူး ဟု ရှုမှတ်ရမည်ဟု ပြောပါသည်ဘုရား ၊ ထိုနည်းနှင့်ပတ်သက်၍ မှန်မမှန်ကိုလည်း တပည့်တော်မ သိလိုပါသည်ဘုရား……..ဟု မေးခွန်းလေးခုမေးလာပါသည်၊ စာရေးသူလည်း ကျန်းမာရေးမကောင်းသည့်အခြေအနေပင်ဖြစ်လင့်ကစား သူတစ်ပါးက မိမိကို အားကိုးတကြီး မေးလာသည်ကို စာနာထောက်ထားကာ စွမ်းနိုင်သမျှ ပြန်လည် အဖြေပေးလိုက်ပါသည်။
အော်…….. သူတစ်ပါးအကျိုးအတွက် ဓမ္မနှင့်အညီ စွမ်းဆောင်(အကူအညီ) ပေးရမည်မှာ သာသနာ့ဝန်ထမ်း ရဟန်း/သာမဏေ /သီလရှင်များ၏ တာဝန် တစ်စိတ်တစ်ဒေသပင် မဟုတ်ပါလော။
(၁)နံပတ်အဖြေ……..
သက်သတ်လွတ်(အသားလွတ်)စား၍ တရားအားထုတ်ပါက ပိုမိုထိရောက်ပါသည် ဟု မြတ်ဘုရား ဟောကြားတော်မူခဲ့ခြင်း မရှိပေ၊ ရှင်းလင်းဦးအံ့…….တစ်ခါက ထိုသက်သတ်လွတ်(အသားလွတ်)နှင့်ပတ်သက်၍ ဓမ္မပဒအဌကထာ မဟာကာဠ ၀တ္ထု၌ လာရှိသည်ကို ဖေါ်ပြရပါလျှင်…….. သုဿာန်ဓုတင်ဆောင်သော ရဟန်းများအား ၀တ္တရား ခုနှစ်မျိုးရှိပါသည်၊ ၄င်းတို့မှာ….
(၁)သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်။ (၂) နေ့စဉ် မအိပ်ရ။ (၃) ပျင်းရိမှုမရှိရ။ (၄) လုံ့လ၀ီရိယရှိရမည်။ (၅) မာယာသာဌေယ ကင်းရမည်။ (၆) ကောင်းသော အလိုဆန္ဒ ရှိရမည်။ (၇) ရွာသူ/သားများအိပ်ပျော်သောအခါမှ သုဿာန်သို့ သွားရမည်ဖြစ်ပြီး၊ ရွာသူ/သားများ အိပ်ရာမှမနိုးမှီ ကျောင်းသို့ ပြန်လာရပါမည် ဟု ဖြစ်သည်။ ၄င်း ခုနှစ်ချက်တွင် သားငါးစားခြင်းမှ ရှောင်ကြဉ်ရမည်ဆိုရာဝယ် သားငါးစား၍ သုသာန်သွားပါက ဘီလူးများသည် သားငါးအနံ့ရ၍ ဘီလူးများ၏ ဘေးအန္တရာယ်နှင့်ကြုံရတတ်သောကြောင့်ဖြစ်ပါသည်၊ ဆိုလိုသည်မှာ သားငါးရှောင်ကြဉ်ခြင်းသည် သုဿာန်ဓုတင်ဆောင်သော ရဟန်းများအတွက်ဖြစ်သည် ဟု စာပေတွင်လာရှိပေသည်။
ထို့ပြင်ရဟန်းတော်များ မစားအပ်သည့် လူ ၊ ဆင် ၊ ခွေး ၊ မြင်း ၊ မြွေ ၊ ခြင်္သေ့ ၊ ကျား ၊ ကျားသစ် ၊ ၀ံ ၊ အောင်း ၊ အသားကြီး (၁၀)မျိုး မှလွဲ၍ ကျန်သောအသားများကို စားလိုက စားနိုင်ပါသည်၊ သို့သော် ထိုအသားများသည် အစွန်းသုံးပါးမှ လွတ်သော အသားများဖြစ်ရပေ မည်။ အစွန်းသုံးပါးမှ မလွတ်လျှင် မစားကောင်း ဟု မြတ်ဗုဒ္ဓ ၀ိနည်းဒေသနာတော်တွင် ဟောတော်မူခဲ့ပေသည်။
အစွန်းသုံးပါးဟူသည် အမြင်၊ အကြား ၊ ယုံမှားသံသယဖြစ်ခြင်း တို့ဖြစ်သည်၊
ဒိဋ္ဌိ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ကို မြင်ခြင်း။
သုတ ။ ။မိမိအတွက် ရည်မှန်းပြီးသတ်နေသည်ဟု နားဖြင့်ကြားရခြင်း။
ပရိသင်္ကတ ။ ။ မိမိအတွက် ရည်မှန်းပြီးသတ်သည်ဟု ယုံမှားသံသယရှိခြင်း တို့ပင်ဖြစ်ပါသည်။
တစ်ခါက တိပိဋကဓရဆရာတော်ဘုရားကြီး သက်သတ်လွတ်ဘုဉ်းပေးသည့်အကြောင်းကို ဒကာက မေးလျှောက်သောအခါ ဆရာတော်ကြီးက “ ဒို့များ သွားကြားထဲ အသားညှပ်တာတွေ သက်သာအောင်လို့ သက်သတ်လွတ်စားရတာဖြစ်တယ်” ဟု မိန့်တော်မူခဲ့ဖူးပါသည်။ ဤသည်ကို ကြည့်ခြင်းဖြင့် ရှေးဆရာတော်ကြီးများသည် ကုသိုလ်ရရန် အသားလွတ်စားခြင်းမဟုတ်ဘဲ၊ အနာရောဂါကင်းရန်သာ အသားလွတ်စားခြင်းဖြစ်ကြောင်း သိသာပါသည်။
ထို့ကြောင့် တရားအားထုတ်ရာ၌ အသားလွတ်သည် အဓိကမဟုတ်ပါ၊ တရားအားထုတ်ရာ၌ ထိရောက်မှုရှိခြင်း ဟူသည် အသားစားခြင်း၊မစားခြင်းတို့နှင့် မသက်ဆိုင်ပေ၊ မိမိအားထုတ်သော သီလ၊သမာဓိ၊ပညာနှင့်သာ ဆိုင်ပါသည်ဟု ဖြေကြားပေးလိုက် ရပါသည်။
(၂) နံပတ်အဖြေ…….
ဤ၌ ပါဏာတိပါတကံထိုက်နိုင်သည့် အင်္ဂါများကို တင်ပြပေးလိုက်ပါသည်၊ ၄င်းတို့မှာ………..
(က)ပါဏ - အသက်ရှိသော သတ္တ၀ါလည်း ဖြစ်ရမည်။ (ခ) ပါဏသညိတာ - အသက်ရှိသတ္တ၀ါကောင်လို့လည်း အမှတ်ရှိရမည်။ (ဂ) ၀ဓကစိတ္တံ - သတ်လိုသည့်စိတ်လည်း ရှိရမည်။ (ဃ) ပယောဂ - ရိုက်ခြင်း၊ခုတ်ခြင်း၊ထိုးခြင်း၊ စသည်ဖြင့် သေအောင်အားထုတ်မှု သတ်မှု လည်း ရှိရမည်။ (င) သည်လို သတ်သည့်အတွက်ကြောင့် သတ္တ၀ါကောင်က သေလည်းသေရမည် ဟု အင်္ဂါ ငါးချက်ပြည့်စုံမှသာလျှင် ပါဏာတိပါတကံမြောက်ပါသည်။ ထိုအင်္ဂါ ငါး ပါးအနက် တစ်ပါးပါးချွတ်ယွင်းလျှင်ကား ပါဏာတိပါတကံ မမြောက်ချေ။ ထိုကြောင့် ဒုတိယမေးခွန်း၌ ကိုယ်ဝန်ဖျက်ချသည်ဆိုရာဝယ် မည်သည့်အကြောင်းကြောင့်ဖြစ်စေ ကိုယ်ဝန်ဖျက်ချမိပါက ပါဏာတိပါတကံ ထိုက်ပါသည်။
မိမိခန္ဓာကိုယ်အတွင်းက ပိုးမွှားများ ပဋိဇီဝဆေးများကြောင့် သေကြေရခြင်းနှင့်ပတ်သက်၍ ထိုပိုးမွှားများ သည် သာမန်မျက်စိဖြင့်မမြင်နိုင်ပေ၊ ထို့အပြင် သတ္တ၀ါဟု ခေါ်ဆိုရလောက်အောင်လည်း အင်္ဂါမစုံသည့်အတွက် ထိုပါဏာတိပါတကံထိုက်သည့် အင်္ဂါငါးပါးထဲမှ (ပါဏ) ခေါ်သည့် သတ္တ၀ါ(မခေါ်ဆိုနိင်ခြင်း)မမည်ခြင်းတို့ကြောင့် ခန္ဓာကိုယ်တွင်းမှ ပိုးမွှားများ သေခြင်းသည် ပါဏာတိပါတကံမမြောက် ဟု မဟာစည်ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားသည်ကို ဖတ်ရှုခဲ့ရဖူးပါသည်။
(၃) နံပတ်အဖြေ…..
တရားအားထုတ်ခြင်းကို စိတ်ဝင်စားသည် ဆိုရာဝယ် အကြောင်းအမျိုးမျိုးရှိပေသည်၊ သံဝေဂဥာဏ်ဖြစ်ခြင်း၊ စိတ်ချမ်းမြေ့မှု ရှိမည်ဟု ထင်မှတ်ခြင်းစသည့် အကြောင်းမျိုးစုံ ရှိပါသည်၊ တရားအားထုတ်ရခြင်းအကြောင်းနှင့် ပတ်သက်၍ မြတ်ဘုရားလက်ထက် တော်အခါက နန္ဒမင်းသား၏ တရားအားထုတ်မှုသည် နတ်သမီးလိုချင်၍ဖြစ်သည်၊ နတ်သမီးလိုချင်သည့် အကြောင်းကြောင့် တရာအားထုတ်ဖြစ်ခါ နောက်ဆုံး၌ ရဟန္တာဖြစ်သွားခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ မည်သည့်အကြောင်းကြောင့်ဖြစ်စေ တရားအားထုတ်ကြသောသူတို့သည် အတိုင်းအတာတစ်ခုအထိ တရားအားထုတ်မှုအပေါ်မူတည်၍ သမာဓိ ပညာများ ရရှိကြပေမည်။ ထိုကဲ့သို့ စိတ်တည်ငြိမ်မှုရရှိလာလျှင်လည်း အလုပ်အကိုင်များကို ပြန်လည်လုပ်ကိုင်ရမည်မှာ တွန့်ဆုတ်လာတတ်သည်မှာ သဘာဝပင်ဖြစ်သည်။
ထိုသို့ဖြစ်လာပါက အမျိုးသားဆိုလျှင် ရဟန်းဝတ်ပြီး၊ အမျိုးသမီးဆိုလျှင် သီလရှင်ဝတ်ကာ တရားအားထုတ်ခြင်းကိုပဲ စောက်ချလုပ်သွားနိုင်ပါသည်၊
ထိုသို့ မပြုလုပ်နိုင်သေးပါက အလုပ်မလုပ်လျှင် ၀မ်းစာရေးအတွက် ခက်ခဲမည်ဖြစ်သောကြောင့် အလုပ်ကိုလည်း သည်းခံပြီး လုပ်ပေးရပါသည်၊ လူအများသည် ထိုတရားအလုပ်ကို တရားခွင်(တရားစခန်း)တွင်း၌သာ လုပ်ရသည်ဟု ထင်မှတ်ဖွယ်ရှိပေသည်။ အမှန်ကား ထိုသို့မဟုတ်ပါ၊ တရားအားထုတ်ခြင်းဟူသည် သွား၊ ရပ်၊ ထိုင်၊ လျောင်း ဣရိယာပုထ် လေးမျိုးလုံးတို့တွင် တရားရှုမှတ်၍ ရပါသည်။ အယုတ်စွဆုံး ရေချိုးသည့်အခါ၌ဖြစ်စေ၊ ထမင်းစားသည့် အခါ၌ ဖြစ်စေ၊ ရေသောက်သည့်အခါ၌ဖြစ်စေ၊ အိမ်သာတက်သည့်အခါ၌ဖြစ်စေ၊အိပ်မပျော်သေးသည့်ကာလများတွင် မပြတ် တလစပ် အားထုတ်နိုင်ပါသည်။ ထိုသို့နေရာတိုင်းတွင် တရားအားထုတ်နိုင်ကြောင်းကို (ယထာ ယထာ ၀ါ ပနဿ ကာယော ပဏီဟိတော ဟောတိ ၊ တထာ တထာ နံ ပဇာနာတိ) အကြင်ကြင် တည်နေတိုင်းသော ကိုယ်အမူအရာများအား ထိုတည်နေသည့် အမူအရာအတိုင်း ကွဲပြားစွာသိအောင်ရှုမှတ်ပါလေ…….ဟု သတိပဋ္ဌာန်သုတ်တွင် လာရှိသည်ကို ထောက်၍ တရားရှုမှတ်ခြင်းသည် နေရာမရွေး အချိန်မ ရွေး တရားရှုမှတ်နိုင်သည့်အပြင် တရားရှုမှတ်သောကြောင့်လည်း (အကာလိကော) နေရာအချိန်အခါမရွေး တရားရနိုင်ပါသည်။
အိန္ဒိယသာသနာကွယ်ပြီး သီဟိုဠ်၌ သာသနာထွန်းကားစဉ်က သီဟိုဠ်နိုင်ငံ မဟာဂါမရွာ၊ ဘုန်းတော်ကြီကျောင်း၌် လမ်းလျှောက်ရင်း တရားရှုမှတ်၍ တရားထူးရသွားသည့်သာဓကလည်းရှိခဲ့ပေသည်။ ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ရာ၌လည်း တရားထူးရခဲ့သည်ကို ဓမ္မပဒအဋ္ဌကထာတွင် လာရှိသည့်အပြင် သီဟိုဠ်ခေတ်တွင်လည်း လမ်းဆုံလမ်းခွ ဇရပ်ပေါ်တွင် ဆွမ်းဘုဉ်းပေးရင်း တရားရှုမှတ်ကြသည့် အတွက် တရားထူးရသွားကြသည်မှာ အရေအတွက်မနည်းလှပေ။
ထို့ပြင် ဘုရားလက်ထက်က ဟင်းရွက်ကြော်ရင်း ဟင်းရွက်တို့၏ ဆီပူဖြင့်ထိသောအခါ ညိုးနွမ်းသွားသည့် (ဗဟိဒ္ဓ) အပြင်အာရုံကို ယူကာ မိမိခန္ဓာဥာဏ်စိုက်၍ မိမိခန္ဓာသည်လည်း ထိုဟင်းရွက်ကဲ့သို့ တစ်နေ့ ညိုးနွမ်းလာဦးမှာပါတကား ဟု ဆင်ခြင်ကာ ဟင်းရွက်ကြော်ရင်း ၀ိပဿနာတရားရှုမှတ်လိုက်ရာ တရားထူးရသွားသည် ဟု မြတ်ဗုဒ္ဓ၏ (History) ပိဋကတ်တော်မှတ်တမ်းတွင် အထင်အရှား လာရှိပါသည်။
ထို့ကြောင့် တရားရှုမှတ်ခြင်းသည် လုပ်ငန်းခွင်တွင် အလုပ်လုပ်ရင်းဖြင့် တရားရှုမှတ်မည်ဆိုပါက ရှုမှတ်မှုမပျက်စေဘဲ အလုပ်လုပ်၍ ရနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ပါသည်၊ နေရာတိုင်း တရားရှုမှတ်သည်ဆိုရာဝယ် ဖြစ်တိုင်းသော အမူအရာတို့၌ သတိကပ်၍ တရားရှုမှတ်နေမည်ဆိုပါက အလုပ်လည်းတွင် ကုသိုလ်လည်းရလှသည်ဖြစ်ရာ အလွန်ဟန်ကျသည့် စနစ်တစ်ခု ဟု ဆိုရပေမည်။
(၄) နံပတ်အဖြေ……
ထိုအမေးနှင့်ပတ်သက်၍ လောကတွင် မည်သည့်တရားအားထုတ်နည်းဖြစ်စေ အမှန်/အမှား ဖြေရှင်းရာ၌ သတိပဋ္ဌာန် ပေတံဖြင့် တိုင်းတာဖြေရှင်းရပေမည်၊ အဘယ့်ကြောင့်နည်းဟူမူ သတိပဋ္ဌာန်သုတ်တွင် (ဧကာယနော ဘိက္ခဝေ သတ္တာနံ ၀ိသုဒ္ဓိယာ) ကိလေသာအညစ်အကြေးကင်းစင်ဖို့ရာ တစ်ခုတည်းသောလမ်းသည် သတိပဋ္ဌာန် ဟုဆိုထားသောကြောင့် ယခုခေတ်ပေါ်နေသည့် တရားနည်းလမ်းတိုင်းကို သတိပဋ္ဌာန် ပေတံနှင့်တိုင်းထွာပါက အမှန်/အမှား သိနိုင်ပေသည်။
သတိပဋ္ဌာန်သုတ်တော်မှ ပုံစံတစ်ခု ထုတ်ပြပါမည်၊ ‘ဂစ္ဆန္တောဝါ ဂစ္ဆာမီတိ ပဇာနာတိ’ သွားလျှင်လည်း သွားသည် ကွဲပြားစွာသိရမည်ဟု ဆိုထားသည်၊ သွားလျှင်လည်း ဘာမျှမဟုတ်၊ ဟုဟောကြားထားသည်မဟုတ်ပါ၊ (နိသိန္နော ၀ါ နိသိန္နောမီတိ ပဇာနာတိ)ထိုင်လျှင်လည်း ထိုင်သည့်အတိုင်း ကွဲပြားစွာ သိရမည်။ ထိုင်လျှင် ဘာမျှမဟုတ် ဟု မဟောကြားခဲ့ပါ၊ ဘူတံဘူတတော ပဿတိ၊ အရှိကို အရှိတိုင်းရှုမှတ်ရမည် ဟုလာရှိသောကြောင့် ရိုးရိုလေးပင် အရှိကို အရှိတိုင်းပင် ရှုမှတ်ရုံသာ လိုပေသည်။ ထို့ကြောင့် လောကတွင် ဘာမျှ မရှိ ဘာမျှမဟုတ် ဟူသော တရားနည်းလမ်းသည် မမှန်ဟု ယူဆရပါကြောင်းဖြေကြား ပေးလိုက်ရပါတော့ သတည်း။ ။
စိတ်နေသန့်ရှင်း ဘေးရန်ကင်း လွန်မင်းချမ်းသာကြပါစေ
ဦးကောဝိဒ(မြိတ်)
၁၉.၈.၂၀၀၈ နံနက် ၆း၃၀ နာရီ ရေးသားပြီးစီးသည်။

အပြည့်အစုံသို့...

Sunday, August 10, 2008

သေဖို့ အဆင်သင့်ဖြစ်ပြီလား

was you ready to die
ဝါခေါင်လဆန်း(၈)ရက် ဥပုသ်နေ့တွင် ကျောင်းရောက်လာသည့် ဥပုသ်သည်များအား မည် သည့်တရား ဟောရပါမည်နည်း ဟု စဉ်းစားတွေးတောမိပါသည်၊ တစ်နေ့ စာရေးသူ၏ စာအုပ်စဉ်တွင် စာအုပ်တစ်အုပ်ကို ယူကြည့်မိရာ စာအုပ်ပါ ခေါင်းစဉ်က “LETTERS FROM THE DEAD” ဖြစ်ပြီး စာရေးသူက Jane Homeshaw ဖြစ်ပါသတဲ့…………..။
စာအုပ်ခေါင်းစဉ်က စိတ်ဝင်စားစရာဖြစ်နေ၍ အမြည်းသဘောလှန်လောဖတ်ကြည့်ရာ ……
Black night was on the river. The dirty streets of the old town were wet with rain.
An old man who lives in the one of the houses was in bed.
He was very old and very ill. He was at the end of his life.
He wasn’t asleep. He liked life and he wasn’t ready to die.


ထိုဖတ်ရသည့်စာအတွက် တွေးစရာများပေါ်လာကာ ဥပုသ်နေ့ ဟောမည့်တရားကို လည်း သူ့အတိုင်းလေးပေးရင်ကောင်း မှာပဲ ဟု စဉ်းစားကာ သေဖို့ အဆင်သင့် ဖြစ်ခဲ့ပြီလား ဆိုသည့် ခေါင်းစဉ်ဖြင့် တရားဟောခဲ့သည်များကို အွန်လိုင်းပရိသတ်များ နာယူနိုင်ကြရန် ပြန်လည်ဖေါ်ပြလိုက်ရပါသည်။
စာတွင်ပါသည့်အကြောင်းအရာကား…….
မဲမှောင်သော ညတစ်ည၊ မြို့ဟောင်းမြို့တစ်မြို့၏ ညစ်ပေနေသော လမ်းများသည် မိုးရေတို့နှင့်အတူ စိုစွတ်နေပါသည်၊ ထိုမြို့ဟောင်းကြီးအတွင်း အိမ်တစ်အိမ်တွင် အဖိုးကြီးတစ် ယောက်သည် အိပ်ယာထဲ လဲနေသည်၊ သူဟာ အလွန်အိုးမင်းပြီးတော့ အလွန်လည်း နေမကောင်း ဖြစ်နေပါတယ်၊ သူသည် ဘ၀နောက်ဆုံးအချိန်မှာ ရှိနေခဲ့ပြီ …..ဖြစ်ပါတယ် ….တဲ့ ၊ သူဟာ တစ်ည လုံး အိပ်မပျော်ဘူး….၊ သူရဲ့ဘ၀တွင် ပျော်ရွှင်စွာနေခဲ့ရသည့်အတွက် သူသည် သေဖို့ ပြင်ဆင်မှုများ မပြည့်စုံခဲ့သေးပေ……..ဟု နိဒါန်းအစပျိုးကာ ရေးထားသည်ကို ဖတ်လိုရပါသည်။
ထိုစာကြောင်းများအနက် He liked life and he wasn’t ready to die. ဆိုသည့် ၀ါကျလေးသည် တိုးတောင်သော်လည်း အဓိပ္ပါယ် ကျယ်ဝန်းလှပေသည်။ နားလည် အောင်ပြောရလျှင် သူသည် ဘ၀ကို ပျော်ရွှင်စွာ နေခဲ့သည်၊ သမီး၊သား၊ဇနီးမယား၊မြေးများ ပစ္စည်းဥစ္စာများဖြင့် ပျော်ရွှင်စွာခံစားခဲ့ရင်း အချိန်ကို ကုန်လွန်စေခဲ့သည့်အတွက် သူဟာ သေဖို့အတွက် မည်သို့မျှ ပြင်ဆင်မှု မရှိ ပါ………တဲ့၊ သူ့အတွေးလေးက စာဖတ်ရသူအဖို့ သံဝေဂရစရာ အလွန်ကောင်း ပါသည်။
ဒါပေမယ့် ဒီစာအုပ်မှာ သေဖို့ရာ (ပြင်ဆင်မှုများမပြည့်စုံသေး)အဆင်သင့် မဖြစ်သေးဖူးဆိုတာသာ ပြောခြင်းဖြစ်ပြီး၊ သေဖို့ရန် အဆင်သင့်ဖြစ်အောင် မည်သို့မည်ပုံပြင်ဆင်ရမည်နည်း ဆိုသည်ကိုကား မရေးထားဘဲ နောက်ဆုံး သူ သေဆုံးသွားခဲ့သည် ဟုသာ ရေးခဲ့ပါသည်။
ထိုအကြောင်းနှင့်ပတ်သက်၍ သေဖို့အတွက် မည်သို့ပြင်ဆင်မည်နည်း ဆိုသည့် ပြဿနာကို ဒီစာအုပ်က မဖေါ်ပြသော်လည်း(မဖေါ်ပြနိုင်သော်လည်း) မြတ်ဗုဒ္ဓ၏တရားတော်တွင် ထိုအကြောင်းနှင့်ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ဟောတော်မူထားသည်ကို တွေ့ရပေသည်။
သေဖို့ပြင်ဆင်ခဲ့ပြီးပြီလား ဟု တရားနာပရိသတ်ကို စာရေးသူက မေးသောအခါ အချို့က မပြင်ဆင်ရသေးဘူး၊ အချို့က ပြင်ဆင်နေပါပြီ စသည်ဖြင့် တိုးလွန်းသော အသံဖြင့် ဖြေဆိုသည်ကိုတွေ့ရပါသည်၊ ‘ကျယ်ကျယ်ဖြေစမ်းပါ သေမင်းကြားသွားမည်စိုးလို့လား’ ဟုပြောသောအခါ ပရိသတ်က (ရယ်)ကြသည်။ ဒါဖြင့် ‘ကားနိုင်တယ်ဆိုတဲ့ သေမင်းက ဘယ်နားနေ တာလဲ’ ဟုမေးသောအခါ ပရိသတ်ထဲမှ မည်သည့်အသံမျှ မထွက်လာတော့ချေ။
သေမင်းဆိုတာ ဘယ်သူလဲ တစ်ခြားတစ်ယောက်ယောက်တော့ ဖြစ်လိမ့်မည် ဟု ပရိသတ်များ ထင်နေ၍လောမသိ၊ ထို့ကြောင့် စာရေးသူက ‘သမင်းကို သိချင်ကြလား’ ဟုမေးရာ ‘ သိချင်ပါတယ်ဘုရား’….တဲ့၊ ဒီလိုဆိုလျှင် သေမင်းဘယ် သူဆိုတာ သိအောင် ကြည့်မှန်ဖြင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်ပါ၊ မှန်ထဲပေါ်လာသည့် အရုပ်သည် သေမင်းပဲ ဟုအဖြေပေးလိုက်ရာ ပရိသတ်များက (ရယ်)ကြပြန်သည်၊ အမှန်စင်စစ် သေမင်းသည် တစ်ခြားမဟုတ် ကိုယ်ကိုယ်တိုင်က သေမင်းပင် မဟုတ်ပါလော၊ ပြောရင်းဖြင့် ဘယ်နားရောက်သွားသည်မသိ၊ အထက်ကအကြောင်းကို ပြန်စကြရအောင်ပါ။
ဤ၌ သေဖို့ ပြင်ဆင်ရမည် ဆိုရာဝယ် ကောင်းစွာပြင်ဆင်နိုင်စေရန် ရှေးဦးစွာ သံဝေဂဥာဏ်လိုအပ်သည်ဟု ယူဆမိပါသည်၊ ထိုသံဝေဂဥာဏ်အတွက် အဘိဏှာသုတ်တော်တွင် လာရှိသည့်အတိုင်း ဖေါ်ပြရပါလျှင်……..
လောကတွင် အိုခြင်း(ကြီးရင့်ခြင်း)တရား ရှိ၏ ၊ ထိုအိုခြင်းတရားကို လူသားအားလုံး မလွန်ဆန်နိုင်ပေ၊ထို့အတူ နာခြင်းသဘောတရားသည်လည်း ရှိ၏ ၊ ထိုနာခြင်းတရားကိုလည်း လူသား အား လုံး မလွန်ဆန်နိုင်သကဲ့သို့ သေခြင်းတရားကိုလည်း မလွန်ဆန်နိုင်ကြပေ၊ မိမိ ချစ်ခင်ရင်းနှီး သောသူများနှင့် တစ်နယ်တစ်ကျေးပြောင်းသွားရ၍ ရှင်ကွဲ ခွဲရသလို၊ ဘ၀တစ်ပါးပြောင်းသွား၍လည်း သေကွဲ ခွဲခဲ့ကြရသည် ဟု မပြတ်ဆင်ခြင် ပွားများရပါမည်၊ (တွေးတောစဉ်းစားရမည်)၊ မည်သည့် အချိန်အထိ ဆင်ခြင်ရမည်ဆိုလျှင် နေ့စဉ်မပြတ်ဆင်ခြင်ရမည်…… ဟု မြတ်ဘုရား ဟောတော်မူခဲ့ပေ သည်။
ဤသို့ အို နာ သေတရားကို ဆင်ခြင်ခြင်းဖြင့် အို နာ သေရမည်ကို အမြဲသတိရာကာ သံဝေဂဥာဏ်များ ဖြစ်လာနိုင်သည်၊ ထိုမှတဆင့် သံဝေဂဥာဏ်ကို အခြေခံ၍ ဒါန သီလ ဘာဝနာ ကုသိုလ်တရားများကို စိတ်ဝင်စားလာလိမ့်မည်၊ အချိန်ပေး၍ ကုသိုလ်တရားကို များများ ပြုလုပ်နိုင် လေလေ ဘ၀သံသရာအတွက် ရိက္ခာထုပ်များကို စုဆောင်းနိုင်လေလေပင်၊ ဤသည်ပင်လျှင် ဘ၀နေ၀င်ချိန်အတွက် ကောင်းစွာပြင်ဆင်ခြင်း ဖြစ်ပေသည်။
တစ်ဖန်အဘိဏှာသုတ်တွင် ဆက်လက်မိန့်တော်မူထားသည်မှာ….
လောကသတ္တ၀ါအားလုံးအတွက် ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်…..တဲ့၊ မှန်ပါသည်၊ မိမိပိုင်ဆိုင်သည်ဆိုသည့် သမီး၊သား၊ဇနီးမယား လင်သားဆွေဥာ စီးပွားဥစ္စာ ၊ လယ်ယာ ကိုင်းကျွန်း ဆင်မြင်းစသည့် သက်ရှိ သက်မဲ့ ပစ္စည်းများသည် ကံကောင်းလှလျှင် တစ်ဘ၀သာ ပိုင်ဆိုင်ခွင့်ရှိ သည်၊ ဘ၀သံသရာသို့ လိုက်ပါခွင့်မရှိသည့်အပြင် လိုက်ပါ၍ မဖြစ်နိုင်သည့်အတွက် ကိုယ်ပိုင်သည် ဟု မဆိုသာချေ၊ အမှန်စင်စစ်ကား ကိုယ်တကယ်ပိုင်ဆိုင်သည်ဆိုသည့်အရာမှာ မိမိနေ့စဉ် ပြုလုပ် ပြောဆို၊ကြံစည်တွေးတောနေသည့် ‘ကံ’ တရားများဖြစ်ပေသည်။
ကံ ဆိုသည်မှာ အလုပ်ဖြစ်သည်၊ ထိုအလုပ်သည် ကောင်းသည့်အလုပ် ဆိုးသည့်အလုပ် ဟုရှိကြရာ ကောင်းသည့်အလုပ်သည် ကုသိုသ်တရားများဖြစ်ပြီး ၊ မကောင်းသည့်အလုပ်သည် အကုသိုလ်များဖြစ်သည်၊ မိမိတို့နေ့စဉ်ပြုလုပ်ပြောဆိုနေသည့် ကောင်းကံ၊ မကောင်းကံများကသာ ဘ၀သံသရာသို့ အရိပ်ပမာ လိုက်ပါကြမည် ဖြစ်ပါသည်၊ ထို့ကြောင့် သတ္တ၀ါအားလုံး ပိုင်ဆိုင်သည် ဆိုသည့် အရာကား ကံ တရားပင်ဖြစ်ပါသည်။
ကံ တရားနှင့်ပတ်သက်၍ အကောင်းအဆိုးနှစ်တန်တို့တွင် အဆိုးတရားများကို နောင်ဘ၀ သို့မပါနိုင်အောင် နည်းနိုင်သမျှ နည်းပါးအောင် ကြိုးစားရပေမည်။ကောင်းသော ကံတရားများ ကိုကား ဘ၀နောင်ခါ များများပါအောင် ကြိုးစားအားထုတ်သင့်ပေသည်၊ သို့သော်လည်း ပါပသ္မိံ ရမတိ မနော ဟူသည့်အတိုင်း စိတ်ကား မကောင်းသည့်နေရာတွင်သာ ကျက်စားပျော်မွေ့လေ့ရှိရာ မကောင်းသောစိတ်ကသာများ တတ်ပေသည်။
ထိုအတွက် မိမိသန္တာန် မကောင်းသော တရားများ မဖြစ်နိုင်စေရန် သတိကြီးစွာထားရမည်၊ သတိဖြင့်စောင့်ကြည့်ဖန်များလျှင် မကောင်းသည့်အရာအဖြစ်နည်းလာကာ ကောင်းသည့်အရာများ သာ အဖြစ်များလာသည်ကို တွေ့ရပေလိမ့်မည်၊ ဤသည်ကား အကောင်းဆုံး သေဖို့ ပြင်ဆင်နည်း နည်းလမ်းပင် ဖြစ်သည်။
နောက်တစ်ခုကား……ကံ ပေးအပ်သည့်အမွှေကို ခံယူရသည်….တဲ့ မိမိနှင့်ထိုက်သော အမွှေမှာ ကံတရားပင်ဖြစ်၏၊ အဘယ့်ကြောင့်နည်း……အမိအဖများပေးသော သက်မဲ့ပစ္စည်းမှန် သမျှသည် ကံကောင်းလျှင် တစ်ဘ၀သာ ခံစားခွင့်ရကြသည်၊ နောင်ဘ၀သို့ကား မလိုက်နိုင်ကြချေ၊ ဘ၀သံသရာလိုက်ပါမည့်အမွှေကား ကံ တရားသာဖြစ်သည့်အတွက် သတ္တ၀ါအားလုံးသည် ကံကပေးသာ အမွှေကိုသာ ခံယူရပေသည်။
နောက်တစ်ခုကား ကံဟူသော ဆွေမျိုးရှိသည်…..တဲ့၊ မိမိဆွေမျိုးများသည် နောင်ဘ၀သို့ မလိုက်နိုင်ကြပေ၊ ကံ ဟူသည့်ဆွေမျိုးများသာ လိုက်နိုင်ကြသည့်အတွက် သတ္တ၀ါအားလုံးအတွက် ဆွေမျိုးအစစ်သည် ကံ တရားပင် ဖြစ်ပါသည်။
ကံ ဟူသော အကြောင်း ရှိသည်………တဲ့၊ စာဖတ်သူများ ဤဘ၀တွင် စားနိုင်သောက်နိုင် လှူဒါန်းနိုင် ကုသိုလ်များ ပြုလုပ်နိုင် တရားအားထုတ်နိုင်ကြသည်မှာ ယခင်အတိတ်ဘ၀က ပါလာသည့် ကုသိုလ်ကံ အကြောင်းတရားကြောင့် ဟုဆိုလျှင် မှားမည်မထင်ပေ၊ ထို့ကြောင့် သတ္တ၀ါအားလုံး၏ အကြောင်းတရားကား ကံ တရား ပင်ဖြစ်ပါသည်။ (ကံအကြောင်းကင်းသည့် သတ္တ၀ါရယ်လို့ မရှိပေ)
ကံ ဟူသော လဲလျောင်းရာ ရှိသည်……..တဲ့ သတ္တ၀ါအားလုံးတို့သည် ဘ၀သံသရာ ကျင် လည်ကြရာတွင် ကံ တရားကို မှီခိုအားကိုးစရာ ရပေသည်၊ ဤသည်ပင် လဲလျောင်းရာ ဟု ခေါ်ဆိုရပါသည်။
ကောင်းသည့်ကံတရားဖြစ်စေ၊မကောင်းသည့် ကံ တရားဖြစ်စေ ပြုမိကြမည်ဆိုလျှင် ထိုပြုလိုက်သည့် အကောင်းအဆိုး ကံတရားများ၏ အကျိုးအဆက် အမွေခံကား မိမိပင်ဖြစ်သည် ….ဟု မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့ပါသည်၊ ထို့ကြောင့် သေဖို့အဆင်သင့်ဖြစ်စေရန်(ဘ၀ကူးကောင်းရန်) သံဝေဂဥာဏ်ပွားကာ ကုသိုလ်တရားကို များသထက်များအောင် ကျင့်သုံးခြင်းဖြင့် ဘ၀နေ၀င်ချိန်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ကြရမည်မှာ စာရေးသူအပါအ၀င် စာရှုသူအားလုံးပင် မဟုတ်ပါလော။
စာရှည်သော်လည်း အရေးကြီးသည့်အချက်တစ်ခုကျန်ပါသေးသည်၊ ၄င်းကား……..
ကံဟူသည့် ကိုယ်အလုပ်၊နှုတ်အပြော၊ စိတ်အကြံဟု အထက်တွင် ပြောခဲ့ခြင်းဖြစ်ရာ ထိုတွင် စိတ်အကြံက အဓိကကျပါသည်၊ အဘယ့်ကြောင့်နည်း၊ စိတ်ကြောင့် ပြောဆိုခြင်း ၊ပြုလုပ်ခြင်း များ ဖြစ်ပေါ်လာသောကြောင့်ဖြစ်ပါသည်၊ ထိုကြောင့် နေ့စဉ်နှင့်အမျှ စိတ်ဖြစ်ပုံကို ‘သတ’ိ ဖြင့် စောင့် ကြည့်ရပါမည်၊ သူတစ်ပါးကို မနာလိုသည့်စိတ်၊ မကျေနပ်သည့်စိတ်၊ စသည့်မကောင်းသည့် စိတ်ဖြစ်နေသောအခါတွင် “ဒီစိတ်သည် မကောင်းသောစိတ်ပဲ” ဟုသတိ ဖြင့်ကြည့်မိ(သိ) လိုက်လျှင် ထိုမကောင်းသောစိတ်သည် သိလိုက်သည့်ခဏတွင်ပင် ပျောက်ပျက်သွားကာ ကောင်းသည့်စိတ်ဝင်လာလေတော့သည်၊ ဤနည်းဖြင့် သတိ တရား အထူးထားကာ စောင့်ကြည့် မည်ဆိုလျှင် မိမိသန္တာန်ဝယ် မကောင်းသည့်စိတ်က တဖြေးတဖြေးနည်းပါးလာကာ ကောင်းသည့် စိတ် တဖြေးဖြေးများပြားလာပါသည်၊ ဤသို့ဖြင့် သင်သည် အချိန်နှင့်အမျှ သတိ တရားထားနိုင်ပြီဆိုလျှင် “သင်သည် သေဖို့အဆင်သင့် ဖြစ်ခဲ့ပြီလော” ဟူသည့် မေးခွန်ကို သင် ဖြေနိုင်သွားပြီဖြစ်ကြောင်း ရေးသားလိုက်ရပါတော့သတည်း။
May all be ready to die!
ဦးကောဝိဒ(မြိတ်)

အပြည့်အစုံသို့...

Thursday, July 31, 2008

တည့်အောင်နေတတ်ကြပါစေ

အလိမ္မာ စာမှာရှိသည် ဆိုသည့်စကားသည် အလွန်ထိရောက်သော ညွန်ပြမှုတစ်ခုဖြစ်ပေသည်၊ အရှင်ဝီရိယ(တောင်စွန်း)ရဲ့ မထေရ်မြတ်တို့စကားဝိုင်း ပထမဆုံးထွက်သည့်စာအုပ်မှာ ဆရာတော်ကြီးများ၏ အဆုံးအမသြ၀ါဒများနှင့် လိုက်နာဖွယ် ကျင့်သုံးဖွယ် နည်းလမ်းများစွာတို့ဖြင့် စာဖတ်သူအား ဆွဲဆောင်သွားသည်မှာ လက်ကမချချင်လောက်အောင် ဖတ်ဖြစ်ခဲ့ပါသည်၊ သြ၀ါဒများအနက် ယောဆရာတော်ရဲ့ တစ်ယောက်တည်း တည့်အောင်နေတတ်ဖို့ အရေးကြီးကြောင်း သြ၀ါဒပေးထားသည်မှာ အလွန်နှစ်လိုဘွယ်ဖြစ်ပေသည်။

မှန်ပါသည်၊ လောကတွင် အများနှင့်တည့်အောင်နေတတ်ဖို့ လိုပေသည်၊ အများနှင့်တည့်အောင် မနေတတ်လျှင် သူတစ်ပါး၏ ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှုကို ခံရမည့်အပြင် ပတ်ဝန်းကျင်နှင့်မတည့်သည့်အတွက် တစ်ယောက်ထီးတည်းဖြစ်ကာ ဘ၀တွင် နေရသည်မှာ အထီးကျန်ဆန်လာတတ်ပေသည်။ လူဆိုသည်မှာ ပတ်ဝန်းကျင်နှင့်နေရသည်ဖြစ်ရာ မိမိဝန်းကျင်နှင့် အဆင်ပြေအောင် နေတတ်ဖို့ အရေးကြီးပေသည်။
ထိုကဲ့သို့ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် လိုက်လျောညီထွေမှုရှိအောင် နေတတ်ရန်ကား အများ(ပတ်ဝန်းကျင်)နှင့်ဆက်ဆံသည့်အခါ မေတ္တာပါသော ဆက်ဆံမှု ရှိရပေမည်၊ မေတ္တာပါလျှင် သူတစ်ပါးအား ချမ်းသာအောင် စွမ်းဆောင်ပေးရာရောက်သည့်အပြင် မိမိတွင်လည်း စိတ်အေးချမ်းသာသည့် အရသာကို ခံစားရပေသည်။
ထိုမေတ္တာပါသော ဆက်ဆံရေးသည် လောကတွင် ထိရောက်သည့် ဆက်ဆံရေးတစ်ခုဖြစ်နေသည်ကို မည်သူမှ ငြင်းနိုင်မည် မထင်ပေ၊ စီးပွားရေး၊လူမှုဆက်ဆံရေး၊ အိမ်ထောင်ရေး စသည့် အရေးပေါင်းစုံတွင် ပြေလည်နေသူများသည် မေတ္တာကင်းသည့် သူများ မဟုတ်ကြပေ၊ သိသာစေရန် ရှင်းလင်းပေးပါဦးမည်။
စားဝတ်နေရေးအတွက် စီးပွားရှာကြသည်ဆိုရာဝယ် အတ္တကြီးမားစွာဖြင့် မိမိရလိုမှု တစ်ခုတည်းကို မကြည့်ပဲ အများအတွက်အသုံးဝင်နိုင်မည့် အကျိုးရှိနိုင်မည့် အနေအထားကို သိမြင်ကာ မေတ္တာဖြင့် အများအကျိုးရှိအောင်ပြုလုပ်တတ်ရမည့် အပြင် မိမိအတွက်လည်း အကျိုးအမြတ်ရှိအောင် ပြုလုပ်တတ်ရပေမည်၊ ထိုသို့ မိမိသူတစ်ပါးနှစ်ဦးသား ချမ်းသာရေး အကျိုးအမြတ်ရရှိရေးကို အခြေခံ၍ မေတ္တာစိတ်ဖြင့် စီးပွားရှာကြမည်ဆိုပါက အများ(ပတ်ဝန်းကျင်)ကလည်း ကိုယ်ကျိုးမကြည့် အများကောင်းကျိုးကိုကြည့်တတ်သည် ဟု မိမိ၏ သဘောထားကို အသိအမှတ်ပြုကာ ပတ်ဝန်းကျင်၏ ယုံကြည်မှုဖြင့် မကြာမီ စီးပွားရေး အဆင်ပြေသူတစ်ယောက် ဖြစ်လာနိုင်ပေသည်။
လူမှုဆက်ဆံရေးအဆင်ပြေစေရန်အတွက် မေတ္တာမပါလျှင် မဖြစ်ပေ၊ ကိုယ်လည်းသူ့လိုဖြစ်တတ်သည် ဟု မေတ္တာဖြင့် ကိုယ်ချင်းစာနာ စိတ်ထားကာ ဆက်ဆံသင့်ကြပေသည်၊ ဤနေရာ၌် မိဘနှင့်သားသမီး ဆက်ဆံရေးတို့တွင် မိဘက သားသမီးများအား နားလည်သဘောပေါက်အောင် ညင်သာစွာ ပြောရမည့်အစား ဒေါသဖြင့် အော်ငေါက်၍ပြောခြင်း၊ ထိခိုက်သွားအောင် ပုတ်ခတ်ခြင်းများ ပြုလုပ်မည်ဆိုပါက မိဘနှင့်သားသမီးပင် ဖြစ်သော်လည်း တစ်စိမ်းတစ်ရံကဲ့သို့ ဖြစ်သွားတတ်သည်ကို သတိပြုရမည်ဖြစ်ပါသည်၊
ထို့အတူ ဆရာနှင့်တပည့်တို့၏ ဆက်ဆံရေ